ရန်ကုန်၊ အောက်တိုဘာ ၁
မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် စိစစ်ပြီး မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို တပ်မတော်ရေယာဉ်များဖြင့် နေရပ်ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယခုအခါ မြန်မာ့ရေပိုင်နက်ထဲသို့ စတင်ဝင်ရောက်လာပြီ ဖြစ်ပါသည်။
အဆိုပါ မြန်မာနိုင်ငံသားများကို နေရပ်ပြန်လည်ခေါ်ဆောင်ရန် တပ်မတော်ရေယာဉ် သုံးစီးသည် စက်တင်ဘာ ၂၈ ရက် မလေးရှားစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် မလေးရှားနိုင်ငံ Lumut Naval Base သို့ ဆိုက်ကပ်ရောက်ရှိခဲ့ပါသည်။
ရေယာဉ်များ ရောက်ရှိချိန်တွင် မလေးရှားနိုင်ငံဘက်မှ တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုး၊ စစ်သံမှူး ဗိုလ်မှူးချုပ် ညီညီဦး၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံး (ကြည်း၊ ရေ၊ လေ) မှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာစခန်းတာဝန်ခံများက ကြိုဆိုခဲ့ကြပါသည်။
စက်တင်ဘာ ၂၉ ရက် နံနက် ၃ နာရီမှစတင်၍ သံရုံးတာဝန်ရှိသူများသည် နေရပ်ပြန်မြန်မာနိုင်ငံသားများအား ခေတ္တထားရှိသည့် Stadium Manjung သို့ သွားရောက်ကာ လူဦးရေစစ်ဆေးခြင်းနှင့် ၎င်းတို့သယ်ဆောင်မည့် ပစ္စည်းများကို စခန်းအလိုက် စာရင်းပြုစုခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
ယင်းနောက် နံနက် ၈ နာရီ ၁၀ မိနစ်မှစတင်ကာ မြန်မာနိုင်ငံသားများကို ဘတ်စ်ကား ၄၄ စီးဖြင့် အသုတ် ၁၀ သုတ်ခွဲ၍ ရှေ့ပြေးယာဉ်တန်းများဖြင့် Lumut Naval Base သို့ ပို့ဆောင်ခဲ့ပြီး တပ်မတော်ရေယာဉ် မုတ္တမနှင့် သံလွင်တို့ပေါ်တွင် နေရာချထားခဲ့ရာ မွန်းလွဲ ၃ နာရီတွင် အားလုံးပြီးစီးခဲ့ပါသည်။
တပ်မတော်ရေယာဉ် မုတ္တမတွင် မြန်မာနိုင်ငံသား ၁,၁၃၂ ဦးနှင့် သံလွင်တွင် ၃၄၄ ဦး၊ စုစုပေါင်း ၁,၄၇၆ ဦး လိုက်ပါခဲ့ပြီး ယင်းတို့အနက် အမျိုးသား ၁,၃၉၀ ဦးနှင့် အမျိုးသမီး ၈၆ ဦး ပါဝင်ပါသည်။
မြန်မာနိုင်ငံသားများကို တင်ဆောင်ထားသည့် တပ်မတော်ရေယာဉ်များသည် စက်တင်ဘာ ၂၉ ရက် မွန်းလွဲ ၄ နာရီခွဲတွင် Lumut ဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာခဲ့ရာ မလေးရှားတပ်မတော်ရေယာဉ် နှစ်စီးက ပင်လယ်ဝအထိ လိုက်ပါပို့ဆောင်ပေးခဲ့ပါသည်။
အဆိုပါ နေရပ်ပြန်မြန်မာနိုင်ငံသား ၁,၄၇၆ ဦးသည် ယခုအခါ တပ်မတော်ရေယာဉ်များဖြင့် မြန်မာ့ရေပိုင်နက်ထဲသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး အောက်တိုဘာလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ အမှတ်(၃) ဆိပ်ခံတံတား (သီလဝါ)သို့ ရောက်ရှိမည် ဖြစ်ပါသည်။ ရောက်ရှိချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများက လွှဲပြောင်းလက်ခံကာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။